ခေါင်စိုလူမျိုးနွယ်စုတို့၏
ခေါင်စိုဓလေ့ထုံးတမ်းဥပဒေ၊
တရားစီရင်ပုံ။
ခေါင်စိုလူမျိုးတို့သည် အခင်းကြီးငယ်၊တရားသဘောင်များကိုစီရင်ချမှတ်ရာတွင်ဓလေ့ထုံးတမ်းဥပဒေအတိုင်းဆုံးဖြတ်၍ကျေအေးကြသည်။နှစ်ဖက်ကျေအေးပြီးသောအမှုသည်နောင်မပေါ်ပေါက်တော့ပေ။
ရှေးယခင် ရွာရှင်(khosak kung/kho kung)၏
အုပ်ချုပ်စီမံမှုတစ်ခုတည်းအောက်နေထိုင်ခဲ့ကြစဉ်ကာလတွင်၎င်း၏အစီရင်အဆုံးအဖြတ်ကိုခံယူခဲ့ကြသည်။ထိုမှရွာရှင်သည် ရပ်ရွာထဲမှ ရှေးမီနောက်မီလည်းဖြစ်၊အမျှော်အမြင်ဉာဏ်ပညာရှိသူလည်းဖြစ်သောလူကြီးများနှင့်ပူးပေါင်း၍အမှုကိစ္စများကိုကိုင်တွယ်ဖြေရှင်းလာသည်။
ယနေ့ချိန်ခါတိုင် ချင်းဓလေ့ထုံးတမ်းဥပဒေ(တောင်တရား)သည်အသိအမှတ်ပြုခံရဆဲ၊အသက်ဝင်နေဆဲဖြစ်ရာ ခေါင်စိုချင်းတို့၏ဓလေ့ထုံးတမ်းဥပဒေသည်လည်းကျင့်သုံးရမည့်တောင်တရားဥပဒေဖြစ်သည်။
သို့ဖြစ်၍ယခုအခါနိုင်ငံတော်အစိုးရ၏ကြီးကြပ်မှုအောက်တွင်ချင်းတို့၏ဓလေ့ထုံးတမ်းဥပဒေကိုလိုက်လျှောညီထွေဆောင်ရွက်ကျင့်သုံးကြသည်။
ဖြစ်ပွါးသည့်အမှုကိုစီရင်ဖြေရှင်းနိုင်ရန် တရားသူကြီးအဖွဲ့(congkhang laicaeh) ဟုခေါ်သည့် အဖွဲ့ကိုနှစ်ဖက်အမှုသည်တို့က ဦးရေတူရွေးချယ်ခေါ်လာသောပညာရှိသူကြီးတို့ဖြင့်ဖွဲ့စည်းရသည်။ သို့မဟုတ်လျှင် ကျေးရွာအုပ်ချုပ်ရေမှူးကြီးကြပ်၍ဖွဲ့စည်းသည်။ဤအဖွဲ့သည်ဤအမှုအတွက်သာဖြစ်သောကြောင့်ယာယီတရားသူကြီးအဖွဲ့ဟုခေါ်ကြသည်။ယာယီတရားသူကြီးတို့သည်မိမိတို့ထဲမှသဘာပတိကိုသင့်လျော်သူအားရွေးချယ်ကြရသည်။ဤတရားသူကြီးအဖွဲ့၏စီရင်ချက်ကိုနာခံမည်လက်ခံမည်ဟုနှစ်ဖက်အမှုသည်တို့သည်ကတိသစ္စာပြုကြရသည်။တရားပွဲမကျင်းပမီ အမှုသည်တို့သည် ဖုရာငွေကြေး(phurah)ဟုခေါ်သောဉာဏ်ပူဇော်ခကိုတရားသူကြီးအဖွဲ့၏တောင်းဆိုမှုပမာဏအတိုင်းပေးဆောင်ကြရသည်။ ဤငွေကိုပြန်လည်တောင်းဆိုခြင်းမပြကြရတော့ပါ။အနိုင်အရှုံးစီရင်ချက်ကိုလည်းတစ်သက်စာကျေနပ်ကြရသည်။
အောက်ဖော်ပြပါအမှုကိစ္စရပ်များအတွက် ခေတ်အဆက်ဆက်ရှေးရိုးအစဉ်အလာသတ်မှတ်ထားသည့်ပြစ်ဒဏ်လျှော်ကြေးများကိုယနေ့တိုင်လက်ခံကျင့်သုံးကြသဖြင့်ဖော်ပြလိုက်ပါသည်။
၁/မဂ်လာဂတိပျက်စီရင်ထုံး
စေ့စပ်ကြောင်းလမ်းပြီးမှသို့မဟုတ် ကတိစကားကျွံပြီးမှမင်္ဂလာကိစ္စပျက်သွားလျှင်လျှော်ကြေးပေးရသည်။မိန်းခလေးဖက်မှပျက်ကွက်လျှင် ဝက်ကလေးတစ်ကောင်၊ခေါင်းပေါင်းအဖြူအရှည်သုံးတောင်ခန့်တစ်ပိုင်းကိုပေးရသည်။ခေါင်ရည်အိုးတစ်လုံးဖြင့်တည်ခင်းကျွေးမွေးရသည်။ယောက်ျားဖက်မှပျက်ကွက်လျှင်လှံတစ်ချောင်း၊ကြက်တစ်ကောင်(သို့မဟုတ်)ဟင်းယာ(longpam pom)ဟုခေါ်သည့်တူရိယာတစ်စုံနှင့်ငွေသားတစ်ဆယ်ကျပ်ကိုပေးရသည်။ခေါင်ရည်တစ်အိုးဖွင့်ဖေါက်၍ဧည့်ခံကျွေးမွေးရသည်။ အခြားလူတစ်ဦးကြောင့်မင်္ဂလာကိစ္စပျက်သွားလျှင်ပျက်စီးစေသောသူသည်မောင်း(၈)ထွာ တစ်လုံး၊သို့မဟုတ်မောင်းအတွက်ငွေသား(၃၀)ကျပ်ကိုသက်ဆိုင်သူအားပေးရသည်။
၂/အခြားကာမဆိုင်ရာစီရင်ထုံး
ကိုယ်ဝန်ရသောမိန်းကလေးအားသန္ဓေရှင်ယောက်ျားကမယားအဖြစ်မပေါင်းမသင်းနေလျှင်မီးဖွါးစရိတ်အပြင် ငွေသား(၁၀၀)ကျပ်ပေးရသည်။ကလေးသုံးနှစ်ပြည့်လျှင်မောင်း(၉)ထွာတစ်လုံးသို့မဟုတ်မောင်းအတွက် ငွေသား(၅၀)ကျပ်ပေး၍ကလေးအားရွေးယူရသည်။ကလေးသည်မိန်းကလေးဖြစ်၍အချိန်တန်အိမ်ထောင်ပြုလျှင်အသွင်းဖိုး(vang)ထဲမှပထီပလာ၊မတ်တော်ဝွီ၊ပနားဝွီခေါ်သည့်ပစ္စည်းကိုမိန်းကလေး၏မိခင်၏မိဘတို့ကရရှိကြသည်။မင်္ဂလာစကားဆိုရာတွင်၎င်းကိစ္စကိုပြောဆိုပိုင်ခွင့်ရှိကြသည်။
၃/လင်မယားကွာရှင်းမှုစီရင်ထုံး
လင်မယားကွာရှင်းမှုတွင် စိတ်သဘောဆန္ဒမတိုက်
ဆိုင်ကြ၍ကွာရှင်းခြင်း၊တစ်ဦးဦဖောက်ပြန်၍ကွာရှင်း
ခြင်း၊သားသမီးမထွန်းကား၍ကွာရှင်းခြင်း၊
မိဘနှင့်သဘောထားမတိုက်ဆိုင်၍ကွာရှင်းခြင်း နှင့်အခြားအကြောင်းများကြောင့်ကွာရှင်းဟူ၍ရှိသည်။
လင်ယောက်ျားဖက်မှကွာရှင်းလျှင်မင်္ဂလာဆောင်စဉ်ကပေးရသောအသွင်းဖိုးအားလုံးအရှုံးဆုံးခံရသည်။ထို့အပြင်ကွာရှင်းခ(tamkrakdawng) အဖြစ်မောင်း(၉)ထွာတစ်လုံး သို့မဟုတ် မောင်းအတွက်ငွေသား(၅၀)ကျပ်ပေးလျှော်ရသည်။သို့သော်ပထမအစဦးတောင်းရမ်းစဉ်ကပေးထားသော(thi -ah)ခေါ်အိမ်မက်ယူငွေ သို့မဟုတ်ပုတီးကြိုးကိုမူ မိန်းကလေးဘက်မှပြန်ပေးရသည်။
လင်ယောက်ျားအပေါ် ခိုင်လုံသောအထောက်အထားမပြနိုင်ဘဲမိန်းကလေးမှကွာရှင်းလျှင် ယောက်ျားဘက်မှပေးထားခဲ့သမျှအသွင်းဖိုးအားလုံးကိုပြန်ပေးရသည်။ထို့အပြင်(angpraekdawng)ကွာရှင်းအပြစ်ငွေသား(၁၅)ကျပ်၊ဝက်ကလေးတစ်ကောင်ပေးရပြီးခေါင်ရည်အိုးတစ်လုံးဖြင့်တည်ခင်းကျွေးမွေးပေးရသည်။
လင်ယောက်ျားသည်ဇနီးမယားအပေါ်မကောင်းမှုပြုကျင့်ခြင်း၊ရောဂါဖြစ်စေခြင်းတို့ဖြင့်ကွာရှင်းလျှင် ငွေသား(၁၀၀)ကျပ် သို့မဟုတ် နွားနောက်သားအမိတစ်တွဲပေးလျှော်ရသည်။
လင်ရှိမိန်းမကိုခိုးယူပေါင်းသင်းလျှင်လင်ယောက်ျားဟောင်း၏ယခင်ကုန်ကျခဲ့သောအသွင်းဖိုး၊မင်္ဂလာဆောင်စဉ်ကုန်ကျစရိတ်များကျခံရသည်။မယားခိုးမှု(yulawm Lai)အတွက်ငွေသား(၃၀၀)
ကျပ်၊နှင့်မှုခင်းကုန်ကျစရိတ်အားလုံးကိုလည်းကျခံရသည်။နိုင်ငံတော်အစိုးထံပေးသွင်းရသောအခွန်တော်ငွေများကိုလည်းကျခံပေးလျှော်ရသည်။အမှုပြီးသောအခါ အသွေးချရန် (kadang)ဝက်မတစ်ကောင်သတ်ပေးရသည်။
၄/ခိုးမှုစီရင်ပုံ
ခိုးမှုတွင် အိမ်တွင်းခိုးမှု၊အိမ်ပြင်ခိုးမှု ဟူ၍ရှိသည်။အိမ်တွင်းမှခိုးမှုအတွက်အပြစ်ငွေ(၁၅)ကျပ်မှကျပ်(၆၀)အထိရှိသည်။ခိုးယူခဲ့သောပစ္စည်းကိုပိုင်ရှင်အားပြန်ပေးရပြီးဝက်ကလေးတစ်ကောင်သတ်ပေးရသည်။အိမ်ပြင်ခိုးမှုတွင်ဝက်သွေးချဝက်သတ်ပေးရသည့်ဓလေ့မရှိပေ။ခိုးယူပစ္စည်းသို့မဟုတ်ပစ္စည်းတန်ဖိုးနှင့်ညီမျှသည့်ငွေကိုပေးလျှော်ရသည်။
၅/သွေးထွက်သံယိုဖြစ်စေသည့်အပြစ်ဒဏ်
တစ်ဦးဦးအားသွေးထွက်သံယိုဖြစ်စေမိလျှင်ဆေးကုသစရိတ်နှင့်ငွေသား(၁၅)ကျပ်မှ(၆၀)ကျပ်အထိပေးရသည်။မိမိ၏ဇနီးကိုပင်လျှင်ဖြစ်စေလျှင်ဖော်ပြပါငွေသားကိုပေးရသည်။
၆/လူသေမှုစီရင်ထုံး
အလုပ်ခိုင်းစေမိ၍ဖြစ်စေ၊ခရီးသွားအဖော်သို့မဟုတ်တောလိုက်အဖော်ဖြစ်စေမတော်တဆသေဆုံးခဲ့လျှင်(palung kamdam/ahoilai)ခေါ်သောပြစ်ဒဏ်ကိုခံရသည်။၎င်းအတွက်စောင်တစ်ထည်၊အသုဘစရိတ်၊ဝက်တစ်ကောင်ပေးရသည်။
၇/လူသတ်မှုစီရင်ထုံး
လူသတ်မှု(lutakhih) တွက်ပေးလျှော်ရသောပြစ်ဒဏ်များကိုအောက်ပါအတိုင်းပြဌါန်းထားသည်။
သေဆုံးသူသည်ယောက်ျားဖြစ်လျှင် (၁၀၀၀)ကျပ်၊မိန်းခလေးဖြစ်လျှင်(၇၀၀)ကျပ်သတ်မှတ်ပေးလျှော်ရသည်။သေဆုံးသူ၏ခေါင်းအဖို့နွားနောက်အထီးတစ်ကောင်၊ ပါးစပ်နှုတ်လျာအဖို့ လင်းကွင်းတစ်စုံ၊ လက်နှစ်ဖက်အဖို့ သေနတ်တစ်လက်၊နှလုံးအဖို့ ခေါင်းလောင်းတစ်လုံး၊ခြေနှစ်ဖက်အဖို့ လှံတစ်ချောင်း၊အသားအရေအဖို့ ရိုးရာအဖိုးတန်ခြုံစောင်တစ်ထည်၊သွေးခံအဖို့ကြေးဝါဖလား(၈)ထွာတစ်လုံး၊နှင့်အမှုကျေအေးသောအခါမောင်း(၈)ထွာတစ်လုံး၊ထို့အပြင်တရားပွဲပြီး၍အခြားတပါးသူများနှင့်မျက်နှာစုံညီ နှစ်ဖက်မိတ်ဆုံစားပွဲအတွက်ဝက်ကြီးတစ်ကောင်သတ်ရသည်။
ဤအမှုသည်သက်ဆိုင်ရာဆွေမျိုးစုအားလုံးပါဝင်ပတ်သက်ရသည့်အကြီးကျယ်ဆုံးအမှုဖြစ်သည်။နှစ်ဖက်တရားသူကြီးများ၊အခြားသူများ၏ကူညီပံ့ပိုးမှုများဖြင့်သာပြီးမြောက်ရသည့်အမှုဖြစ်သည်။
တင်းကြပ်သည့်စည်းကမ်းပညတ်များကိုလိုက်နာရသည်။နှစ်ဖက်တရားလိုတရားပြိုင်အမှုသည်များသည်မျက်နှာချင်းမဆိုင်စကားမပြောကြ၊ရေမီးခြား၍နေကြရသည် ။တရားသူကြီးအဖွဲ့အပါအဝင်နှစ်ဖက်အမှုသည်များအားလုံးရွာပြင်ထွက်ရသည့်အမှုဖြစ်သည်။ရွာထဲရပ်ထဲမဝင်ရ၊မထွက်ရ၊အသားငါးသေရည်အရက်မစားရမသောက်ရ၊ကျင့်စဉ်ကျင့်ကြရသည်။
ပို၍နစ်နာဆုံးရှုံးသူမှာတရားခံဆွေမျိုးများဖြစ်ကြသည်။သေဆုံးသူအတွက်ပေးရမည့်လျှော်ကြေး၊အပြစ်ဒဏ်များအပြင်တရားဆွေးနွေးရာကာလကုန်ကျစရိတ်အားလုံးကိုတရားခံ၏ဆွေမျိုးများကကျခံပေးရသည်။
သေဆုံးသူ၏ဆွေမျိုးများပင့်ဆောင်လာသောတရားသူကြီးတို့ကိုမူမည်သည့်တံစိုးလက်ဆောင်မျှပေးကမ်းရန်ကားမလိုပေ။#fb Khongso/Khongca lifestyle
![]() |
AI ပုံဖော်သည် |
Comments
Post a Comment