အပျိုလူပျိုဘဝကိုဖြတ်သန်းခြင်း
လူပျိုတို့၏နေထိုင်မှု
ခေါင်စိုအမျိုးသား လူပျိုဘဝသည် အလွတ်လပ်ဆုံးအချိန်ကာလဖြစ်သည်။မိဘနှစ်ပါးထံမှသင်ယူစရာများသင်ယူတတ်မြောက်ပြီး၍မိဘ၏အထိန်းအကွပ်အောက်မှကျွတ်လွတ်ကာရွယ်တူ သူငယ်ချင်းများနှင့်ပေါင်းဖော်ရသည့်ကာလဖြစ်သည်။
ကျေးရွာထဲတွင် လူပျိုတို့၏စုပေါင်းအိမ်တစ်ဆောင်(inm sa vang) ရှိပြီး၎င်းသည် လူပျိုဟူသမျှ၏ညအိပ်နားနေဆောင်ဖြစ်သည်။ ဤနေရာတွင် ရိုးရားတေးသီချင်းများ၊သံစုံငြင်းမှုတ်နည်းပညာများအပြင် အခြားအခြားသောအသိပညာအတတ်ပညာများဖလှယ်ကြသည်။
အပျိုကညာတို့၏ပုံပြင်
ခေါင်စိုအမျိုးသမီး အပျိုသည်မိဘနေအိမ်တွင်မိဘများနှင့်အတူ၊သို့မဟုတ် အိပ်ခန်းတွင်အိပ်ရသည်။စောစီးစွာအိပ်ရာမှနိုးထ၍မိခင်၏အိမ်မှုကိစ္စများကိုကူညီရသည် ။မီးဖိုချောင်ကျပ်ခိုးထက်မှ ဗူးသီးခွံရေဗူးများကိုရေဖြည့်ရသည်။ဆေးကြောစရာအိုးခွက်များဆေးကြောရသည်။မိခင်သည်မိုးစင်စင်မလင်းမီ မနက်စာကိုအပြီးအစီးချက်ပြုတ်ရမည်ဖြစ်၍ တစ်ဦးတည်းရုန်းကန်လုပ်ဆောင်ရသည့် အိမ်မှုကိစ္စကို သမီးကညာကူညီခြင်းကအလွန်သက်သာရာရစေသည်။ကြက်ဘဲဝက်အစာကြွေးခြင်း၊၎င်းတို့၏အသိုက်အမြုံများကိုသန့်ရှင်းသပ်ရပ်စေခြင်း၊ညနေထမင်းဟင်းအဆင်သင့်ချက်ပြုတ်ရန်ထင်းချောင်းများခွဲစိတ်ထားခြင်း၊ထမင်းဟင်းအိုးများဆေးကြောပေးထားခြင်း၊ စပါးထောင်းခြင်း၊ဆန်ပြာဆန်ခါခြင်း၊စသည့်အိမ်မှုလုပ်ငန်းတို့တွင်သမီးကညာတို့၏အကူအညီရကြသည်။ထို့ကြောင့် ခေါင်စိုလူမျိုးတို့သည် အိမ်ထောင်တွင်သမီးဦးမွေးခြင်းကိုနှစ်သက်ကြသည်။
အပျိုလူပျိုတို့၏ရာသီအလေ့အထများ
အပျိုလူပျိုတို့သည် မိဘ၏တောင်ယာလုပ်ငန်းကိုကျွမ်းကျင်စွာတတ်မြောက်ကြသည့်အားလျှော်စွာမိဘတို့နှင့်အတူတောင်ယာလုပ်ငန်းတွင်မပျက်မကွက်ပါဝင်ဆောင်ရွက်ကြသည်။
တောင်ယာလုပ်ငန်းနည်းပါးသော၊နားရသောနေ့များတွင် အပျိုလူပျိုစုပေါင်း၍ တောထွက်ဟင်းရှာ၊သစ်သီးဝလံပန်းမာန်ခူးကြသည်။
ခေါင်စိုတို့၏ တောင်ယာလုပ်ငန်းသည်နွေရာသီတွင်အပါးဆုံးဖြစ်သည်။တောင်ယာခုတ်ပြီးချိန်(Tanva proi)မှ တောင်ယာမီးမရှို့မီ(၂)လ၊(၂)လ ကျော်၊ကောက်ထိုးပြီးချိန်(cangtuk proi)တွင် နှစ်ပတ်သုံးပတ်ခန့်သည် အပန်းဖြေကာလဖြစ်သည်။ဤပူပြင်းသည့်နွေကာလ ၊တောတောင်ချောင်းမြောင်းထဲတွင် စုပေါင်း၍ဟင်းရှာထွက်ကြသည်။ရိုးရာလက်မှုပညာများဖလှယ်ကြသည်။လွယ်ပလိုင်းအမျိုးမျိုးသင်ယူယက်လုပ်ကြ၍မိမိ၏ချစ်သူခင်သူ များအားလက်ဆောင်ပေးကြသည်။တောတောင်သဘာဝကိုမှီ၍အချစ်ရေးရာတေးကဗျာများ ၊တောဘွဲ့တောင်ဘွဲ့၊လွမ်းဘွဲ့၊သံဝေဂဘွဲ့ များဖွဲ့နွဲ့ကြသည်။အခြားသော ဇာတိမာန်ဘွဲ့၊ကိုယ်ရေးအတ္ထုပ္ပတ္တိဘွဲ့၊မိုဘွဲ့နွေဘွဲ့များဆိုင်ရာသီချင်းကြီး(zokleng)များကိုလည်းဖွဲ့ကြ၊သင်ယူကြတီးမှုတ်သီဆိုကြသည်။
နွေရာသီအားလပ်ရက်ရှည်သည် လူငယ်လူရွယ်အပျိုလူပျိုတို့၏အဖိုးတန် အကျိုးများသည့်ကြည်နူးပျော်ရွင်ဖွယ်နေ့ရက်များဖြစ်သည်။
ရာသီလိုက်ပေါ်သောသစ်သီးဝလံများ၊ပန်းမာန်များလည်းခူးဆွတ်ကြသည်။။မိုးတွင်းဆောင်းတွင်း၏ညများတွင်တောင်ကျချောင်းငယ်များ၌ဝါးလုံးမီးတောက်ဖြင့်ခရုဂဏန်းငါးပုစွန် ရှာကြဖမ်းကြသည်။တခါတရံ သစ်သီးဝလံတင်ပွဲ၊ပန်းမြတ်တင်ပွဲ၊ဂဏန်းတင်ပွဲများကျင်းပကြသည်။ (ဤပွဲကျင်းပပုံကို ခေါင်စိုတို့၏ပွဲလမ်းသဘင်များခေါင်းစဉ်တွင်ဖော်ပြထားသည်။ဂဏန်းတင်ပွဲသည် သစ်သီးဝလံတင်ပွဲနှင့်တူညီ၍မဖော်ပြပါ။)
အပျိုလှည့်ခြင်းယဉ်ကျေးမှု
လူပျိုများတို့သည် အပျိုနေအိမ်တွင်မိဘခွင့်ပြုချက်ဖြင့်အပျိုလည်(dongkaet)ကြသည်။ထိုအခါ အပျိုနှင့်လူပျိုတို့သည်စကားစမြည်ပြောကြသည်။စောင်းငယ်(tintoeng)၊ဝါးပုလွေနှင့်တူရိယာများတီးမှုတ်၍
တေးသီချင်းများအပြန်အလှန်ဆိုညည်းကြသည်။ပုံပြင်၊ပုံဥပမာစကားဝှက်စကားထာများပြောကြဝှက်ကြသည်။အပျိုမှဆေးလိပ်လိပ်မီးညှိခြင်း၊ကောက်ညှင်းပေါင်း၊ပြောင်းဖူးကျွေးခြင်းစသည်ဖြင့်ဧည့်ခံပေးသည်။အပျိုလှည့်ခြင်းတွင်သူငယ်ချင်းများနှင့် အုပ်စုဖွဲ့၍လှည့်ခြင်း၊တစ်ဦးတည်းအပျိုလှည့်ခြင်းဟူ၍ရှိပြီးအထက်ပါအပျိုလှည့်ပုံစံအတိုင်းပြုမူဆက်ဆံကြသည်။
တစ်ခါတရံတစ်နယ်တကျေးသို့သွား၍အပျိုလှည့်ကြပြီး မိုးမလင်းမီ မိမိရပ်ရွာသို့ပြန်လာကြရသည်။တပါးသူတို့ရပ်ရွာ၌မိမိအပျိုလှည့်လိုသည့်အိမ်တွင်အလည်သွားရောက်နိုင်ရန်ကျေးရွာလူပျိုခေါင်းဆောင်ထံအသိပေးရသည်။အလည်သွားလိုသည့်အပျို၏နေအိမ်တွင်လူပျိုခေါင်းကိုယ်တိုင် အဖော်လိုက်ကာ မိဘများနှင့်မိတ်ဆက်ပေးရသည်။
အပျိုလှည့်ခြင်းသည်လူမှုကျင့်ဝတ်များကိုရိုသေလေးစားရသည့်ယဥ်ကျေးမှုတစ်ရပ်ဖြစ်ရာ ရိုင်းပြစွာပြောဆိုဆက်ဆံလျှင် ဓလေ့ထုံးစံအရ အပြစ်ပေးခံရသည်။
Comments
Post a Comment