ထူးခြားယဉ်ကျေးမှု

 

/ခေါင်စိုလူမျိုးတို့၏ထူးခြားယဉ်ကျေးမှုဓလေ့များ။
၁/မီးဖွါးခြင်း၊ကလေးကင်ပွန်းတပ်ခြင်း၊ကလေးငယ်ဘဝကိုပျိူးထောင်ခြင်း။
ကိုယ်ဝန်ရှိသောမိန်မ၊မိခင်များသည်မြွေ၊မျောက်၊ဖွတ်၊လိပ်တို့၏အသားမစားရပေ။အိမ်နီးချင်းမိတ်ဆွေများကကူညီ၍မီးဖွါးကြသည်။
မီးဖွါးတော့မည်ဆိုလျှင်နားတောင်း၊လက်ကောက်၊ပုတီးဆွဲကြိုး၊ခါးကြိုးများချွတ်ပစ်ရသည်။
ကလေး၏အချင်းကိုရေဗူးခွံတွင်ထည့်၍ရွာပြင်သစ်ပင်တွင်ချိတ်ရသည်။သို့မဟုတ်မြေမြှပ်သည်။
မီးဖွါးသည်မှ(၁၃)ရက်ထိဆားကိုပင်ရှောင်ရသည်။ရေနွေးကိုသာသုံးရသည်။(၁၃)ရက်စေ့လျှင်ဆား ကိုဖက်နှင့်ထုပ်မီးဖုတ်၍စားခွင့်ရသည်။သုံးလအထိဆားတစ်မျိုးတည်းဖြင့်စားသောက်ရသည်။
သုံးလပြည့်သောနေ့တွင်လက်ဝတ်တန်ဆာများကိုကင်ပွန်းချဉ်ရွက်နှင့်ပြုတ်ပြီးမှပြန်ဝတ်ဆင်ရသည်။ကြက်တစ်ကောင်ကိုသတ်၍ကြက်မွေးများကိုကလေးနှင့်မိသားစုဝင်တိုင်း၏လက်ကောက်ဝတ်နှစ်ဖက်၌ကြိုးဖြင့်ချည်ကြရသည်။ကျက်ပြီးသားကြက်အသည်းအမြစ်ကိုထမင်းနှင့်ရော၍ကလေး၏
ဦးခေါင်းငယ်ထိပ်တွင်တင်(လိပ်ပြာဝိညာဉ်အစား‌ကျွေး) ရသည်။ကလေး၏အမည်သည်ဖခင်၏အမျိုးအနွယ်ထဲမှအထင်ကရဖြစ်သောပုဂ္ဂိုလ်များ၏အမည်ပါ‌အောင်မှည့်ရသည်။ကလေးကိုနောက်ကျောပေါ်တွင်အဝတ်ဖြင့်သိုင်း၍လွယ်ထားသည်။သုံးလေးနှစ်အရွယ်အထိကျောပေါ်ထမ်း၍ထိန်းကျောင်းကြသည်။
အဖေသည်သားယောက်ျားကိုအတတ်ပညာများသင်ပေးရသည်။လေးပစ်နည်း၊ကျောကွင်းထောင်နည်း၊စူးထောင်နည်း၊သေနတ်ကိုင်နည်းပစ်နည်း၊ဓါးသုံးနည်း၊ဝါးစည်းထင်းစည်းတုတ်နည်းထမ်းနည်းစသည့်ဖြင့်အလုပ်နှင့်ပတ်သက်သည့်ပညာများကိုဖခင်ထံမှရရှိသည်။မိခင်သည်သမီးမိန်းခလေးကိုတာဝန်ယူသွန်သင်ရ၊ဆုံးမရသည်။တတ်ထားသင့်သည်များနည်းပြသင်ကြားပေးရသည်။ထမင်းဟင်းချက်နည်း၊၊ထင်းခွေ၊စပါးထောင်းဆန်ပြာအလုပ်များ၊ဝါဖန်ချည်ငင်၊ရက်ကန်းရက်ပညာများမဖြစ်မနေသင်ကြားပေးရသည်။
၂/နွားစားပွဲ
ဓနဥစ္စာငွေကြေးကြွယ်ဝချမ်းသာသူများသာစီရင်ကျင်းပသည့်ပွဲဖြစ်သည်။သုံးရက်မှငါးရက်တာကျွေးမွေးသည့်အလှူဒါနပြုသည့်ပွဲဖြစ်သည်။နွားကောင်ရေ(၅)ကောင်မှ(၃၀)ထိသတ်ဖြတ်စားသောက်သည့်ဤပွဲသည် နွားစားပွဲ(saecak Angraeng coeng)ဟု‌ထင်ရှားသည်။
ဤပွဲသည်‌နေအိမ်ပေါ်တွင်ပြုလုပ်သည့်ပွဲဖြစ်၍ ပွဲရှင်သည်မိမိ၏နေအိမ်ကိုစုပေါင်းအင်အားဖြင့်ဖြည့်ဆည်းရပြုပြင်မွမ်းမံရသည်။
အိမ်ဝါရန်ဒါ ကွပ်ပျစ်(htae inmkaa)ကိုခိုင်ခံ့အောင်သစ်လုံးဝါးလုံးများကိုအစိမ်းလိုက်အကြမ်းတိုက်၍ဆောက်ရသည်။လှေကားသည် အထူတစ်တောင်၊အနံအကျယ်နှစ်တောင်၊အရှည်တစ်ဆယ်တောင်ရှိသောသစ်ပင်ကိုခွဲခြမ်းဖန်တီးရသည်။လှေကားထိပ်တွင်အပျိုကညာသားမြတ်ပုံထွင်းထားသည်။ဧရာမလှေကားအသစ်ကိုလူထုအားဖြင့်ချီကြပင့်ကြ‌ထောက်ကြတွန်းကြရသည်။။အတီးအမှုတ်အကအခုန်များပြုကြသည်။လှေကားသစ်ထောင်ပြီးလျှင်လှေကားပေါ်၊တွင်အတီးအမှုတ်များပြု၍ကခုန်ကြပြန်သည်။ကခုန်ပြီးလျှင်ပွဲ၏ ပထမထမင်းစားပွဲ(htae dimoi) ကိုဆင်နွှဲတော့သည်။
အိမ်နှင့်ကွပ်ပျစ်၊လှေကားများကို ပန်းပွါးများထွင်းပြီးထိပ်တွင်"ကိုရမ်"ခေါ်ဖက်စိမ်းရွက်ဖြင့်စိုက်ထူထားသောဝါးလုံးစိမ်းမြောက်များစွာ စီတန်းစိုက်ထူ၍အလှဆင်(parawklu cong) ထားသည်။
ရွာလယ်တွင်နွားများကိုချည်နှောင်ထားသည့်နေရာ(saling)ကွင်းကျယ်တစ်ခုကိုလည်းအထက်ဖော်ပြပါအလှပြုလုပ်ထားသည့် ဝါးလုံးများဖြင့်အလှဆင်ထားသည်။ဤနေရာတွင်သတ်ရမည့်နွားများကိုအစီအရီချည်နှောင်ထားသည်။ညနေစာစားသောက်ပီးသည်နှင့်ဤနေရာတွင်ရွာလုံးကျွတ်ကခုန်ကြသည်မှာမိုးလင်းပေါက်တိုင်ဖြစ်သည်။‌ထို့ပြင်နောက်တရက်မနက်မှသည်ညနေစောင်းတိုင်တစ်ရက်လုံးဆက်တိုက်တီးမှုတ်ကခုန်ကြသေးသည်။ညနေစောင်းနေရိပ်အေးလျှင် မှုန့်နှစ်ရည်ကိုမျက်နှာနှင့်ခြေထောက်များတွင်ဖြူဖွေးအောင်လိမ်းကျံပြီးအတီးအမှုတ်ဖြင့်ကကြသည်။ထိုအခါပွဲရှင်၏အစ်မ၊သို့မဟုတ်သမီး၏လင်(သမက်)တစ်ဦးဦးကအကြီးဆုံးနွားကိုလှံဖြင့်ထိုးသတ်ရသည်။နွားသေဆုံးလျှင်အတီးအမှုတ်အကအခုန်တို့ကိုရပ်၍နွားသေကောင်ကိုအိမ်ပေါ်သို့လှေကားမှတဆင့်တွန်းတင်ကြသည်။အိမ်ပေါ်တွင်အတီးအမှုတ်များပြု၍ကခုန်ကြလျက်နွားသေကောင်ကိုကြိုဆိုကြသည်။နွားကိုအိမ်ပေါ်ကွပ်ပျစ်ထက်၌ပင်ခုတ်ထစ်ပိုင်းဖြတ်ကြသည်။ ဤသို့နည်းဖြင့်ပွဲကို‌ကျင်းပကြပြီးနောက်ဆုံးညတွင်ပွဲရှင်ကရပ်နီးရပ်ဝေးဧည့်သည်များ၊ဆွေမျိုးများ၊ရွာသူရွာသားများအား အသားတုံးများဝေမျှပေးကမ်းပြီးလျှင် နွားစားပွဲပြီးဆုံးတော့သည်။
၃/တောင်ယာနတ်စားပွဲ
တောင်ယာတွင်နတ်ပွဲပြုလုပ်ရာတွင်တတ်နိုင်သူများကဝက်ငါးကောင်၊သို့မဟုတ်လျှင်နွားတစ်ကောင် ဖြင့်ပွဲကိုပြုလုပ်ကြသည်။ဦးစွာတောင်ယာတဲကို သစ်ဝါးများဖြင့်ခိုင်ခံ့အောင်ပြုပြင်ရသည်။ဝါးခြမ်းများကိုစည်းပေါက်၍တစ်တောင်ခန့်အကျယ်ရအောင်ယက်လုပ်ပြီးဝါးလုံးထိပ်၌ထိုးစိုက်ကာ၎င်းဝါးလုံးများကိုတဲအိမ်ပတ်လည်စီတန်းစိုက်ထူထားသည်။ ဤသို့သောအပြင်အဆင်ကို (bukpuisak)ဟုခေါ်သည်။တဲအိမ်ပေါ်တွင်တီးမှုတ်အစုံဖြင့်ကကြသည်။
ထိုအခါ ပွဲရှင်သည်တောင်ယာ‌စောင့်နတ်၊စပါး‌စောင့်နတ်တို့ကိုခေါ်ဖိတ်၍အသားနှင့်ထမင်းတို့ကိုတင်လှူပူဖဇာ်ရသည်။
ညနေစောင်းလျှင်အိမ်ပြန်ကြပြီးအသင့်ချည်နှောင်လျက်းသား ဝက် သို့မဟုတ် နွားကိုသတ်ကြသည်။
မသတ်ရသေးမီလူကြီးလူငယ်ကျားမမကျန်သတ်ရတော့မည့် သားကောင်ကိုပတ်ဝိုင်း၍ကခုန်ကြသည်။နောက်တစ်နေ့ညနေစောင်းလျှင်ပွဲရှင်၏သမက်က ကျန်ကြွင်းသေးသောဝက်သို့မဟုတ်နွားကိုသတ်ရသည်။အသားကိုချက်ပြုတ်ပြီး အသားတုံးများကို ဖက်ဖြင့်အထုပ်ကလေးများစွာထုပ်ကာ လူတိုင်းအားမျှဝေပေးကမ်းသောအခါ တောင်ယာနတ်စားပွဲပြီးဆုံးပြီဖြစ်သည်။ဤဖြစ်စဉ်အားလုံးကို(bukpuisak sabangpui sawk) ဟုခေါ်သည်။
၄/ ကောက်သစ်စားပွဲ
တောင်ယာတွင်စပါးမရိတ်မစုမီပြုလုပ်သည့်ပွဲဖြစ်သည်။ရပ်ရွာလူကြီးသူမများလူငယ်လူရွယ်များကိုတောင်သို့ခေါ်ဆောင်လာရသည်။ယာယီသုံးစပါးကျီကိုပြုလုပ်၍ လူပျိုအပျိများကစပါးအနည်းငယ်ချွေယူပြီးစပါးကျီထဲတွင်ထည့်ကြရသည်။ခေါင်ရည်ဖေါက်ကြသည်။လူကြီးမိဘဦးစွာသောက်စို့ကြသည်။ကြက်၊ဝက်သတ်၍စပါးစောင့်နတ်ကိုဖိတ်ခေါ်ရသည်။ပူဇော်ပသပြုရသည်။ညလုံးပေါက်‌စားသောက်ကြပျော်ပါးကြသည်။
ဤပွဲကို (Thi ah - Thi im noi)ဟုခေါ်သည်။
၅/ဂဏန်းစားပွဲ
တောင်ယာစပါးရိတ်သိမ်းပြီးလျှင်ပြီးချင်း ချောင်းထဲဆင်း၍ဂဏန်းကောင်ရှာကြသည်။ရလာသောဂဏန်းကောင်များကိုချည်ပေါင်ရွက်နှင့်ဟင်းချက်စားကြသည်။ထမင်းစားပြီးကြသောအခါမုန့်နှစ်ရည်နှင့်ဂဏန်းပြုတ်ရည်ကိုရော၍စပါးကျီအားပက်ဖျန်းကာအသားငါးရှောင်ရသည့်ကာလလွန်ပြီဟုနတ်များကိုအသိပေးစကားရေရွတ်ရသည်။တောင်မှနေအိမ်သို့လာရာလမ်းတလျှောက်တွင်မုန့်နှစ်ရည်ကိုဖျန်းလာရသည်။အဓိပ္ပာယ်မှာစပါးစောင့်နတ်ကိုလမ်းပြခြင်းဖြစ်သည်။အိမ်ရောက်သောအခါ မုန့်ရည်ကိုအိမ်အမိုးပေါ်ဖျန်းပြီး"ဂဏန်းသားစားခွင့်ရပြီ "ဟု‌ဆိုရသည်။
ထိုအခါအသင့်ရှိပြီးသောခေါင်ရည်ကိုဖေါက်သည်။လူကြီးမိဘအချို့တို့နှင့်ပျော်မြူးစွာစားသောက်ကြသည်။‌စပါးကိုချီးမွမ်းသည့်သီချင်း၊ကောင်းချီးသီချင်းများသီဆိုကြသည်။သေနတ်များပစ်ဖေါက်
၍ညလုံးပေါက်ပျော်ပါးကြသည်။

၆/သစ်သီးဝလံပွဲ
ခေါင်စိုလူမျိုးတို့၏ချစ်စရာရိုးရာပွဲလေးဖြစ်သည်။ရာသီအလိုက်ပေါ်သောသစ်သီးများကို အပျိုလူပျိုတို့ကခူးဆွတ်ကြပြီးအပျိုတစ်ဦးဦး၏အိမ်သို့ယူဆောင် လာကြသည်။အပျိုကညာ၏ဖခင်က ဝက်တစ်ကောင်၊ခေါင်ရည်တစ်အိုး ဖြင့်လက်ခံကြိုဆို‌ပေးရသည်။ဤပွဲသည် လူငယ်လူရွယ်များ၏ပွဲဟုဆိုရမည်ဖြစ်သည်။
သူတို့သည် မောင်း၊ကြေးခေါင်းများတီး၍ဆိုကြကကြပျော်ပါးကြသည်။

၇/တောင်ယာဟင်းသီးဟင်းရွက်စားပွဲသို့မဟုတ်ဟင်းခွက်ဖလှယ်ပွဲ။(kumloi oh poi)
တောင်ယာကို တပေါင်းတန်ခူးလ(March or April ) မကုန်မီ မီးတင်ရှို့ပြီး‌ပြာမှုန့်ကျန်ခဲ့သည့်ယာခင်းတွင်မျိုးစေ့များကိုစူးဖြင့်ထိုး၍လည်းကောင်း၊ကြဲဖြန်း၍လည်းကောင်းစိုက်ပျိုးသည်မှာ နှစ်လကျော်သုံးလခန့်အကြာ(  June/July )ဝါဆို၊ဝါခေါင်လတွင်လူတို့စားသုံးရန်အရံသင့်ဖြစ်ထွန်းလာတော့သည်။
ဤတောင်ယာဖြစ်ဟင်းသီးဟင်းရွက်များစားပွဲကိုခေါင်စိုတို့က( kumloi oh)ကုမ်လွယ်အို့ဟုခေါ်ကြသည်။ဤပွဲမပြုသရွေ့တောင်ယာမှဟင်းသီးဟင်ရွက်များကိုမခူးဆွတ်ရ၊မစားရပေ။ပွဲတော်ကိုရွာလုံးကျွတ်အိမ်တိုင်းစေ့အတူတကွပြိုင်တူစီရင်ကျင်းပကြသည်။ပွဲတော်မကျင်းပမီတစ်ညတာကိုကျင့်စဉ်ကျင့်၍နေကြရသည်။မနက်မိုးလင်းလျှင်ကြက်တစ်ကောင်ကိုမိမိ၏တောင်ယာသို့အသီးသီးယူဆောင်ကြသည်။တောင်ယာရောက်သောအခါ ပထမမျိုးစေ့ပျိုးချသည့်နေရာတွင်နတ်စင်ငယ်တစ်ခုဆောက်လုပ်ရသည်။ ကြက်ကိုလည်လှီး သွေးကိုခံ၍ ပထမမျိုးစေ့မှပေါက်ရောက်သည့် စပါးပင်နှင့်ဟင်းသီးဟင်းရွက်များအပေါ်၌ ဖျန်းပက်ရသည်။နတ်စင်‌ထက်တွင် ယူလာသည့်ကြက်၏အသည်းအမြစ်၊ထမင်းအနည်းငယ်စီတင်လှူပူဇော်ရသည် ။
ထိုသို့ပြုပြီးနောက်ညနေတိုင်လျှင် ဝါးလုံးခြောက်တစ်လုံးကိုထမ်းလျက်အိမ်ပြန်ရသည်။နေအိမ်သို့ရောက်လျှင်ဝါးလုံးခြောက်ကိုမပျောက်မပျက်အောင်လုံခြုံသည့်နေရာ၌သိမ်းထားရပြီးကိုယ်တိုင်လည်းတိတ်ဆိတ်စွာအိပ်စက်အနားယူရသည်။ကြက်တစ်ကြိမ်တွန်သောအချိန်မိုးမလင်းမီနိုးထပြီးကြက်တစ်ကောင်ကိုသတ်ကာလည်ကိုလှီးပြီးသွေးကိုသိမ်းထားရသည်။ကြက်၏အမွှေးများကိုဇနီးမယားထံအပ်ရသည်။အသင့်ထားရှိသောခေါင်အိုးထဲမှခေါင်ရည်၊မုန့်နှစ်ရည်တို့ဖြင့်နေအိမ်ခေါင်မိုးသို့ဖျန်းကာနတ်များကိုဤပွဲတော်၌ပါဝင်ကြရန်ဖိတ်ကြားသည့်စကားဆိုရသည်။အမွှေးနုတ်ထားပြီးသောကြက်ကိုတောင်ယာမှထမ်းယူလာသည့်ဝါးလုံးခြေက်မီးတောက်ဖြင့်မီးမြှိုက်ကာကြက်သားကိုဆန်နှင့်ပြုတ်ချက်ခိုင်းရသည်။
မိုးစင်စင်လင်းလာသောအခါအသင့်ထုတ်ယူသိမ်းဆည်းထားသည့်ကြက်သွေးဇလုံတွင်ရွက်စိမ်းပင်အညွန့်(maling qam/qam kanghing)ကိုနှစ်၍အိမ်တံခါးတုတ်၊တံခါးတိုင်များ၊လှေကားဦးများနှင့်မီးဖိုပေါ်ရှိဖိုခနောက်သုံးခုတို့ကိုဖျန်းပက်သုတ်လိမ်းပြီးကောင်းချီးစကားဆိုရသည်။အဆိုပါရွက်စိမ်းအညွန့်ကိုအိမ်ရှေ့နံရံသို့မဟုတ် အိမ်တိုင်တစ်ခုခုတွင်စိုက်ထားသိုထားရသည်။အိမ်ရှင်မသည် အိမ်ထောင်ဦးစီးလင်ယောက်ျားအပ်နှင်းထားသည့်ကြက်မွှေးများကိုမိသားစုဦးရေအလိုက်အမျိုးသားဆိုလျှင်ကြက်မွှေး(၆)ပင်၊အမျိုးသမီးဆိုလျှင်(၅)ပင်ကိုတွဲချည်၍လက်ကောက်ဝတ်၌ပတ်စည်းစေသည်။ခေါင်စိုလူမျိုးတို့သည် လူတွင် ဝိညာဉ်ရှိကြောင်းယုံကြပြီး အမျိုးသားတွင်ဝိညာဉ်(၆)ပါး၊အမျိုးသမီးတွင်(၅)ပါးရှိသည်ဟု အယူရှိကြသဖြင့်ထို့သို့စီရင်ခြင်းဖြစ်သည်။ထို့နောက်မနက်စာထမင်းဝိုင်းတွင်ထမင်းမစားမီ မိသားစုဝင်အားလုံး၏ဦးခေါင်းထိပ်၌ကြက်သည်းကြက်မြစ်၊ထမင်းအနည်းငယ်စီတင်ရသည်။၎င်းကိုဝိညာဉ်(လိပ်ပြာ)အစာကျွေးသည်ဟုဆိုသည်။တဖန်ထမင်းပွဲထမင်းဝိုင်းကိုအထက်ပါရွက်စိမ်းညွန့်‌‌ဖြင့်ရေစွက်ကာသုံးကြိမ်တိုင်ပတ်ဖြန်း‌ကောင်းချီးပေးရသည်။
ထိုမနက်ခင်း၌အိမ်တိုင်းတို့သည် မနက်စာစားကြပြီးသောအခါရိုးရာဓ‌လေ့ထုံးတမ်းစဉ်လာရှိနှင့်သည်အတိုင်းဝက်သတ်သင့်သူကဝက်ကြီးဝက်ငယ်ကိုသတ်ပြီးအသားကိုပေးသင့်ကမ်းထိုက်သူတို့အားပေးကမ်းရသည်။ထို့အတူ ကြက်သတ်သင့်သူကကြက်ကိုသတ်ပြီးအသားကို‌ပေးသင့်ပေးထိုက်သူတို့အားပေးရကမ်းရသည်။တဖန် ငှက်သားအခြောက်၊ကြွက်သားအခြောက်၊တောကြောင်သားအခြောက်များကိုပေးသင့်သူ၊ရသင့်သူများကပေးကြရ ယူကြရသည်။(ပေးသင့်သည့်ဓလေ့အရ သမက်ကယောက္ခမအား ကြက်နှင့်မုန့်ဖက်ထုပ်ပေးကမ်းရသည်။ယောက္ခမဘက်မှဝက်သားနှင့်၊တောကြက်၊တောကြွက်မျိုးနွယ်၊တောကြောင်၊ငှက်မျိုးနွယ်အသားခြေက်များ၊ကြက်ဥဘဲဥများပေးကမ်းရ၊တုံ့ပြန်ရသည်။)ထို့နေ့သည်ပွဲတော်နေ့ဖြစ်သည်။‌ဆွေမျိုးပတ်သက်ဆက်နွယ်မှုအလိုက်ပေးကမ်းလှူဒါန်းရသဖြင့်ထိုနေ့သည်တစ်အိမ်တက် တစ်အိမ်ဆင်းသွားလာနေကြသည်မှာပျားပန်းခတ်မျှဖြစ်လေသည်။။(မိသားစုဆက်နွယ်မှုကိုစီစစ်လျှင်ခမီးခမက်မတော်စပ်သည့်မိသားစု၊သမီးယောက်ဖမတော်စပ်သည့်မိသားစုဟူ၍မရှိပေ။တစ်ကြိမ်တစ်ခါတနည်းမဟုတ်တနည်း၊တစ်ဦးမဟုတ်တစ်ဦးစသည်တို့အားဖြင့်ကွန်ယက်သဖွယ်ချိတ်ဆက်ပတ်သက်ကြသည်ချည်းဖြစ်သည်။ထိုနေ့ထိုချိန်ခါတွင်မိဘများသည် ယခင်ပုံမှန်ဓလေ့ကိုချစ်ဖွယ်အသွင်ပြောင်း၍ထိုသို့စီရင်ကြခြင်းဖြစ်သည်။)အိမ်တိုင်းတွင်ခေါင်ရည်တစ်အိုးအနည်းဆုံးဖေါက်ထားကြသဖြင့်လည်းတစ်အိမ်တက်တစ်အိမ်ဆင်းခေါက်ရည်သောက်သူများဖြင့်ရှုပ်ယှက်ခတ်နေလေ‌သေးသည်။တတ်နိုင်သူများက ဝက်ကြီး၊နွားကြီးသတ်ကာခေါင်ရည်အိုးများဖေါက်၍
ကျွေးမွေးလှူဒါန်းကြသဖြင့်လည်းပို၍စည်ကားသည်။
ပွဲတော်နေ့ရက်သည်ဟိတ်ရာသီ၊မိုးတွင်းနက်ကြီး၌ကျရောက်သဖြင့်မိုးနှင့်အပြိုင် ဗုံမောင်းတီးထုသံ၊သီဆိုကခုန်သံတို့လှိုင်နေ‌သေးသည်။
သို့ဆိုလျှင်ထို‌နေ့ရက်သည်အိမ်ထောင်မိသားစုတိုင်းမပျော်ရွှင်ရသူမရှိသလိုမိသားစုတိုင်းသည်အသားဟင်းအစုံကိုစီမံရပြီးအသားငါးဟင်းအစုံပြန်လည်ရရှိသည့်‌ပျော်ရွင်ဖွယ်နေ့ရက်မြတ်ကြီးဖြစ်‌လေသည်။
ထိုနေ့ရက်တွင် ရွာအဝင်လမ်းများအားလုံးကိုဝါးခြမ်းစိတ်များဖြင့်တင်ကြိုကာရံ၍ပိတ်ပင်ထားရသည်။
ဧည့်သည်များနှင့်သူစိမ်းတရံများ၊ရပ်နီးရပ်ဝေးအသိမိတ်ဆွေများဝင်ခွင့်မရပေ။ချိုးဖေါက်ဝင်ရောက်မိလျှင် ၎င်းသူသည် သတ်မှတ်ပြစ်ဒဏ်ဟူသမျှခံယူရသည်။ငြင်းပယ်လျှင်ရွာ၏အသေအပျောက်ကို(၃)နှစ်တာဝန်ယူရသည်။
၈/ပန်းတော်မြတ်တင်ပွဲ
အထွဍ်အမြတ်ထားသောပန်းတော်မြတ်ထဲတွင် တောင်ဇလပ်ပန်း၊စံကားပန်း(စကားဝါ),သဇင်၊မာကြင်(သစ်ခွတစ်မျိုး)၊လိန်လောင်းပန်းနှင့်အွီထောပန်း(နွယ်မျိုးပန်းများ)တို့အစဉ်လိုက်ပါဝင်သည်။ဖော်ပြပါပန်းတို့ကိုခူးဆွတ်သည့်အခါ ဝက်မတစ်ကောင်ကိုသွေးချပူဇော်ရသည်။အတီးအမှုတ်တေးသီချင်းများသီဆို၍အိမ်ပေါ်သို့ပင့်ချီရသည်။ပန်းတော်မြတ်တက်ခူးသူအားပန်းတော်အတင်လက်ခံသူအိမ်ရှင်က မောင်း(၈)ထွာတစ်လုံးလက်ဆောင်ပေးရသည်။ဤပွဲကိုနွားစားပွဲနှင့်ပူးတွဲ၍လည်းကျင်းပကြသည်။
၉/အတိတ်နိမိတ်ကောက်ယူခြင်းနှင့်အန္တရာယ်ကင်းကျင့်စဉ်စီရင်ခြင်း။
၉.၁/သဘာဝသဘောတရားအရဖြစ်ပျက်တတ်သည့်ဖြစ်စဉ်များအပေါ်အောက်အတိုင်းအတိတ်နိမိတ်ဖတ်ကြသည်။
မည်သည့်ငှက်မဆိုအိမ်နောက်ဖေးမှဝင်၍အိမ်ရှေ့အပေါက်မှထွက်လျှင်အသေအပျက်ရှိမည်။သို့သော်အိမ်ရှေ့အပေါက်မှဝင်၍နားနေလျှင်လာဘ်ကောင်းသည်။
အိမ်မွေးကြောင်အိမ်ပြောင်းလျှင်ဘေးကြုံတတ်သည်။အခြားကြောင်နေအိမ်သို့ခိုဝင်လျှင်စီးပွါးဖြစ်မည်။
အိမ်အောက်တွင်ခြတောင်ထွန်း၍မှိုပေါက်လျှင်ကြွယ်ဝချမ်းသာမည်။
နှုတ်ခမ်းလှုပ်က ခိုက်ရန်ဖြစ်ပွါးတရားစကားဆိုရမည်။
ဝဲဘက်မျက်ခုံးလှုပ်မူ ပူဆွေးရမည်။ငိုကြွေးရမည်။
နေအိမ်တွင်မြွေတက်လျှင်ဘေးနှင့်ကြုံမည်။ခရီး၌မြွေဖြတ်လျှင်မကောင်း။
ခရီးလမ်း၌ခလုတ်တိုက်မိလျှင် လာဘ်မကောင်း။
ခရီးလမ်း၌ဝန်‌တောင်းရေဗူးအပြည့်ထမ်းသူကြုံလျှင်လာဘ်ကောင်းမည်။
မီးဖိုတွင်မှိုပွင့်က သေဘေးဆိုက်မည်။
၉.၂/ အန္တရာယ်ကင်းရွာခင်းခြင်း။
ကျေးရွာတွင် ကပ်ဘေးတစ်မျိုးမျိုးအချိန်အတန်ကြာဖြစ်ပွါးလျှင် ရွာလုံးကျွတ်ပါဝင်သောကျင့်စဉ်ပြုကြသည်။အန္တရာယ်ကင်းရွာခင်းသည်(vang um)သည်ဟုဆိုကြသည်။ရွာတွင်‌ ကပ်ဘေးတစ်မျိုးအချိန်ကာလကြာရှည်ဖြစ်ပွါးသည်မှာမကောင်းဆိုးဝါးကြောင့်ဟုခံယူကြသည်။မကောင်းဆိုးဝါးမောင်းထုတ်သည့်အစီအစဉ်ဖြစ်သည်။ဤအစီအစဉ်တွင်မျောက်မြီးရှည်တစ်ကောင်လိုအပ်သည်။မဖြစ်မနေမရမကရှာ၍ပုံမပျက်အရေခွံခွါရသည်။မျောက်အမြီးရှည်အရေခွံကိုဝါးခြမ်းများဖြင့်ထည့်သွင်း၍မျောက်ရုပ်ပေါက်အောင်စီမံရသည်။မျောက်သားကိုလည်းရေလုံပြုတ်၍တစ်တုံးစီး၊တစ်ဖဲ့စီမစားသူမရှိရွာလုံးကျွတ်စားရသည်။မကောင်းဆိုးရွားကိုမောင်းထုတ်ရန်အဆင့်သောအခါ အိုးစည်ဗုံမောင်း၊လင်းကွင်းအတီးအခတ်အထုအထောင်းအသံပလံမျိုးစုံ၊အော်ဟစ်ကြိမ်းမောင်သံများပြု၍လည်းကောင်း၊ကျောက်ခဲကျောက်စရစ်များကျဲဖျန်းပစ်ပေါက်၍လည်းကောင်း သတ်မှတ်ထားသည့်ထွက်ပေါက်မှမကောင်းဆိုးရွားထွက်သွားရန်ချီတက်မောင်းထုတ်ကြသည်။မျောက်ရုပ်ကိုထွက်ပေါက် ၌ချိတ်ဆွဲထားရသည်။ကျန်သောရွာအဝင်အထွက်များကိုဝါးခြမ်းစိတ်ခုံးကာများဖြင့်ကာရံပိတ်ရသည်။တစ်ရက်တာအဝင်အထွက်မပြုကြဘဲနေအိမ်၌နေထိုင်ကြရသည်။(ယခုအခါအမြီးရှည်မျောက်မျိုးစိတ်တို့မျိုးသုန်းပြီဖြစ်သည်။)
၁၀/အသုဘဝတ်စီရင်ခြင်း။
ကွယ်လွန်သေဆုံးသူကိုမိမိတို့ဆွေမျိုးဘိုးဘွားများအားမြှုပ်နှံသည့်သင်္ချိုင်းမြေသို့ပို့ဆောင်သဂြိုဟ်ရသည်။
လူသေလျှင်ဝါးဖြင့်ပြုလုပ်သောပက်လက်ကုလား
ထိုင် (krang)ပေါ်တွင်ပက်လက်အနေအထားဖြင့်ထားရသည်။အခါမလည်သေးသောကြက်တစ်ကောင်ကိုသတ်၍ သေသူ၏အထက် နဖူး တည့်တည့်တွင်ချိတ်ဆွဲကာကြက်သွေးကိုနဖူးထက်တစ်စက်ချင်းကျနေစေရသည်။သေသူ၏ခြေမနှစ်ချောင်းကိုချည်ဖြူဖြင့်ပူးကပ်ချည်ထားရသည်။သေသူ၏‌‌မျက်
မှောက်တွင်ခေါင်အိုးတစ်လုံးဖေါက်ရပြီးသေသူနှင့်မျက်နှာချင်းဆိုင်ကာသမက်ဖြစ်သူသည်အပြန်
အလှန်စကား‌ပြောပုံစံပြောဆို၍ဦးစွာပထမခေါင်ရည်စို့ရသည်။ထို့နောက်ရပ်နည်းရပ်ဝေးမှဧည့်သည်များ၊ဆွေမျိုးများစသည်ဖြင့်အစဉ်လိုက်၍သောက်စို့ကြရသည်။အိမ်မွေးတိရိစ္ဆန်များသတ်၍စားသောက်ကြသည်။အသုဘငိုချင်း၊အသုဘညှပ်အက၊တစ်ပင်တိုင်မိန်းမဒိုင်းကာအက၊စစ်သုံးဓါးကိုင်အက၊ဝိညာဉ်လမ်းခုတ်အက စသည့်အသုဘအကအမျိုးမျိုး၊တို့ကိုဆိုကြကကြသည်။ဝါးပုလွေသစ်ရွက်ပုလွေများကိုအဆိုအကများနှင့်လိုက်လျောညီထွေမှုတ်ပေးကြသည်။ရိုးရာအသုဘအတီးအမှုတ်များဖြင့်ကခုန်ကြသည်။လူသေရုပ်ကလပ်ကို သုံးရက်မှ ငါးရက်ထိအဆိုပါ ကုလားထိုင်ထက်တွင်ထား၍စောင့်ရှောက်ကြသည်။ထို့နောက်ရုပ်ကလပ်ကိုမီးတင်ရှို့ကြသည်။သင်္ချိုင်းမြေတွင်ဝိညာဉ်(လိပ်ပြာ)ခိုရန် တဲအိမ်ငယ်ဆောက်ပေးကြရသည်။ကြွယ်ဝချမ်းသာသူများသည် ပွဲစားအဆင်အယင်များပုံစံအတိုင်းဆောက်လုပ်ပေးကြသည်။အစိမ်းသေနှင့်နူနာစွဲ၍သေသူများကိူမူအခြားနေရာ၌မြေမြှပ်သဂြိုဟ်ကြသည်။





Comments