Hum patha tavaa ca (မြန်မာ)

 

ရှေးသောအခါ တောတောင်ထူထပ်သည့်ဒေသတစ်ခု၏ကျေးရွာတစ်ရွာတွင် သားလူပျိုနှစ်ယောက်နှင့်‌အသက်ရှင်ရပ်တည်သည့် မုဆိုးမတစ်ဦးသည်ရှိ၏။သားနှစ်ဦးတွင်သားအကြီးသည်ဇနီးမယား
ယူကာတောင်ယာလုပ်ငန်းဖြင့်မိခင်နှင့်ညီတို့ကို ကျွေးမွေးလေသည်။
သားငယ်သည် တေလေဂျပိုးလေလွင့်ရွက်သို့အိမ်မကပ်တောထွက်မုဆိုးဖြစ်သည်။တောထွက်မုဆိုးဖြစ်သည်နှင့်အလျှောက်အိမ်တွင် အသားစိမ်းအသားခြောက် ပြတ်သည်လပ်သည်မရှိ။ဤသို့ အေးချမ်းသာယာ ကောင်းမွန်သည့်မိသားစုတွင် -
                        ★★★
မိခင်သည်သားကြီးဇနီးမောင်နှံ၏တောင်ယာလုပ်ငန်းဖြင့်ဝမ်းစာထမင်းစားရသည်ကိုသိလျက်နှင့် သားငယ်ကိုသာအချစ်ပိုကာတမ်းတမ်းတတရှိလွန်းလေသည်။သားငယ်သာလျှင်သူ့မတွက်ရတနာ၊သားငယ်သာလျှင်သူ့မဘဝ ဟုဆိုကာသားကြီးနှင့်သူ့ဇနီးအားနေ့နေ့ညညအပြစ်မရှိအပြစ်မြင် မျက်နှာရှုံ့မဲ့အပြစ်မြဖို့တတ်လေသည်။
မိခင်နှင့်သားငယ်တို့သည်ယခင် လင်ယောက်ျားရှိစဉ်တည်‌ဆောက်သည့်အိမ်မကြီးတွင်နေကြသည်။သားကြီးလင်မယားတို့သည်အိမ်မကြီး၏နောက်ဖေးမျက်တစ်ပစ်ခန့်တွင် အိမ်ငယ်‌လေးတည်‌ဆောက်၍အိမ်ပြောင်းနေကြသည်။
ဤသို့အိမ်ခွဲနေကြသော်လည်းအိမ်ထောင်တစ်စုစားပွဲတစ်ခုထမင်းလက်ဆုံစားကြရသည့်ဓလေ့ကိုမိခင်ဖြစ်သူသည်ဖီဆန်လေသည်။
အချစ်ကိုမခံရ၊ မိမိအားမချစ်မနှစ်သက်၊မလိုလား ၊အလကားလူအဖြစ်သတ်မှတ်ခံရသည့်သားကြီးသည်မိခင်အားစိတ်ပျက်လာသည်။ ကိုယ်စိတ်ဆင်းရဲဖြစ်လာသည်။
                           ★★★
တစ်နေ့သောအခါအစ်ကိုဖြစ်သူသည်မိမိညီအပါးသို့ချဉ်းကပ်၍တောအုပ်တစ်ခုတွင် ငှက်သိုက် တစ်ခု‌
တွေ့ကြောင်း၊မွေးစားရန် သင့်လျှော်သည့်ငှက်မျိုးဖြစ်၍သွားယူကြရန်အဖော်ညှိလာခြင်းဖြစ်ကြောင်းဆိုသည်။ ညီဖြစ်သူသည် တောပျော်မုဆိုးတစ်ဦးပီသစွာတောတိရိစ္ဆာန်ဟုဆိုလိုက်သည်နှင့်ချက်ချင်းဆိုသလိုခြေလှုပ်လက်လှုပ်တော့သည်။
ညီကိုနှစ်ဦးတို့သည်တောနက်ကြီးတစ်ခု၏ဧရာမသစ်ပင်ကြီးထက်မှ ဟုန်းပါထား (hum patha)ခေါ်သည့် ငှက်သိုက်ကိုတက်ယူကြသည်။ငှက်သိုက်အနီးအပါးရောက်သောအခါ အစ်ကိုဖြစ်သူသည် အပင်ထက်မှစူးချွန်လှေကားထစ်များ(pathii haa)ကိုနှုတ်ပစ်၍မြေပြင်သို့ပြန်လည်ဆင်းသက်လာသည်။ညီဖြစ်သူသည်ငှက်သိုက်ကိုသာအာရုံဝင်စားသဖြင့်အစ်ကိုလုပ်ရပ်ကိုသတိမပြုမိပေ။
တောင်စွယ်နေကွယ်လုဆဲအချိန်တွင်မိခင်ငှက်မသည်မိမိ၏သားငယ်ရှိရာသိုက်မြုံဆီသို့ပျံဝဲရောက်လာသည်။လူသားသည်သူ၏ပြုမိအမှားကိုခွင့်လွှတ်၍သူ့အားဤသိုက်မြုံပေါ်တွင်ငှက်ငယ်နှင့်အတူနေထိုင်ခွင့်ပြုရန်တိုးလျှိုးတောင်းဆိုလေသည်။
ထို့နေ့မှစ၍ ချစ်ခင်ခွင့်လွှတ်တတ်သောငှက်မိခင်သည် သူမ၏သားငယ်အဖို့နှင့်လူသားအဖို့အစားအစာကို‌နေ့ရက်အစဉ်တိုင်းပင်ပန်းခက်ခဲစွာရှာဖွေပေးရလေ‌တော့သည်။ တစ်ရက်ပြီးတစ်ရက်ကုန်လွန်လာသည်တွင်ငှက်ငယ်၏အမွှေးအတောင်တို့သည်လည်းရှည်ထွက်ပြည့်စုံလာသည်။လူသားလုလင်သည် ငှက်ငယ်တောင်ပံစုံသောအခါဤသိုက်မြုံတွင်မိမိအားထားရစ်မည်ကို‌တွေးကြောက်သဖြင့်ရှည်လာထွက်လာသည့်ငုက်မွှေးငှက်အတောင်တချို့ကိုနှုတ်ပစ်လေသည်။ငှက်ငယ်သည်မိမိအားနှိပ်စက်အနိုင်ကျင့်သည့်လူသား၏လုပ်ရပ်ကိုမိခင်ငှက်မထံတိုင်ကြားသောအခါငှက်၏မိခင်က ငှက်ငယ်တောင်ပံစုံလျှင်လူသား၏မိခင်ရှိရာအိမ်သို့ကျောပေါ်တင်ဆောင်ပို့ပေးမည်ဖြစ်၍ထို့သို့မပြုပါဘဲဂရုစိုက်ပြုစုရန်ဆုံးမလေသည်။
                            ★★★
တစ်ခုသောနံနက်ခင်းသည်‌ရောက်လာ၏။သိုက်မြုံထဲမှငှက်ငယ်တစ်ကောင်သည် တောင်ပံစုံ၍လိုရာပျံသန်းရန်နိုးထလာသည့်နံနက်ခင်းဖြစ်သည်။
ပျံသန်းရန်အဆင်သင့်အမြဲတက်ကြွသည့်၊ပြီးပြည့်စုံသည့်ခွန်အားဗလရှိသော (hum patha tavaa) ငှက်ပျိုသည် လုလင်လူသားကိုသူ၏ကျောပေါ်တင်လျက် မြေပြင်အထက်မိုးတိမ်လေဟုန်တို့ကိုစီး၍ချီဆောင်ပျံသန်းလေတော့သည်။ လူသားသည်မိမိနေအိမ်ရှိရာကိုအပေါ်စီးမှအမှတ်မပြုနိုင်တော့ဘဲဖြစ်ရာပျံသန်းချိန်ကြာလာသည်နှင့်အမျှ ငှက်ပျိုသည်သူ၏တောင်ပံတို့ညောင်းလာတော့သဖြင့်မြစ်ချောင်းတစ်ခု၏သဲသောင်ပြင်ပေါ်၌လူသားကိုတင်ချလိုက်ရတော့သည် ။
                            ★★★
မရောက်စဖူးဤသဲသောင်ပြင်ခေါင်ခေါင်တွင်မျက်စိလည်လမ်းမှားနေသော လူသားရှေ့မှတောကြောင်တစ်ကောင်ဖြတ်လာရာလူသားကအကူအညီတောင်း‌လေသည်။တောကြောင်သည်လူသား၏မိခင်နှင့်နေအိမ်ကိုသိကျွမ်းကြောင်း၊အကူအညီပေးနိုင်ကြောင်း၊ကြက်မြုံထဲမှကြက်သေးကြက်ကြီးလိုရာခိုးဖမ်းသူဖြစ်ကြောင်း တနှီးတနှောဆိုသည်။လုလင်သည် တော‌ကြောင်အား သူ၏မိခင်နေအိမ်သို့သွားခိုင်း၍ကြက်ဖတစ်ကောင်ကိုခိုးယူကာကြက်မွှေးကိုသူရှိရာဤနေရာထိဖျန်းချလာရန်မှာ
ကြားသည်။တောကြောင်သည် လုလင်မှာကြားသည့်အတိုင်းပြုသော်လည်းကြက်အမွှေးအမျှင်တို့သည်လေလွင့်ရာပါကုန်ကြသဖြင့်အလုပ်မဖြစ်ပေ။
ထို့နောက်လူသားရှေ့တွင်ဖိုးရွှေကျားတစ်ကောင်ပေါ်လာသည်။ဖိုးရွှေကျားအားအကူအညီဆိုသောအခါဖိုးရွှေကျားကမိမိသည်မုဆိုးမနေအိမ်အောက်မှဝက်ကြီးဝက်ငယ်လိုရာဖမ်းစားသူဖြစ်သည်အထိမုဆိုးမနှင့်ရင်းနှီးသိကျွမ်းကြောင်း၊အကူအညီကိုချက်ချင်းပေးမည်ဖြစ်ကြောင်းအဆောတလျှင်ဆိုသည်။ လုလင်ကဖိုးရွှေကျားအားယခုပင်ကူညီစေလိုကြောင်း၊မိခင်၏နေအိမ်အောက်မှအဖြိုးဆုံးဝက်တောင်းကိုက်ဖြတ်၍ဝက်သွေးကိုဤနေရာတိုင်အစက်ချလာစေလိုကြောင်း ဆို‌သည်။ဖိုးရွှေကျားသည်လုလင်၏လမ်းညွန်ချက်အတိုင်းပြုသော်လည်းလမ်းထက်မှ ဝက်သွေးတို့သည်မိုးရေဆီးနှင်းတို့အားဖြင့်ပျောက်ပျက်ကြကုန်သည်။
တဖန်အင်တန်ကြာလတ်သောအခါ ကြွက်ငယ်တစ်ကောင်ရောက်လာ၍မိမိသည်လုလင်ပျို၏မိခင်နှင့်နေအိမ်ကိုသိကြောင်း၊ထိုအိမ်၏ချည်စုဗူး၊ဝါးကျည်ဗူး၊တို့၌အသိုက်ဆောက်သူဖြစ်ကြောင်း၊မိမိအနေဖြင့်လူသား၏လိုရာဆန္ဒကိုကူညီ‌နိုင်ကြောင်း စကားဦးကြိုပြု‌သည်။လုလင်ကကြွက်ငယ်အားအိမ်သို့ပြန်၍ချည်လုံးတစ်ခုကိုခိုးယူကာချည်စကို‌အိမ်တိုင်ခြေရင်း၌ချည်ပြီးဤနေရာတိုင်ချည်ကြိုးကိုဆွဲလာရန်မှာသည်။ကြွက်ငယ်သည်မှာကြားသည့်အတိုင်းပြုသော်လုလင်လံချည်စအဆုံးကိုပေးလေသည်။လုလင်လည်းကြိုးတန်းအတိုင်းလိုက်သွားရာညည့်နက်သန်းခေါင်တွင်မိခင်၏နေအိမ်တံခါရှေ့သို့သားလုလင်သည် ဆိုက်ရောက်လေတော့သည်။
လုလင်သည် တံခါးဖွင့်‌ပေးရန်၊ ဝင်ခွင့်ပေးရန်တောင်းပန်သည်။၊‌မိမိသည်သားငယ်ဖြစ်ကြောင်းအသက်မသေသေးကြောင်း၊ဖြစ်ကြောင်းကုန်စင်ပြောပြသော်လည်းမိခင်သည် ရွာထဲမှကာလသားလူလည်သူခိုးကလိမ်ကချေလိမ်ညာများဟုစွက်စွဲကာ တံခါးမဖွင့်ဘဲ‌ နေရစ်သည်။‌
ဝေလီဝေလင်းတွင်မိခင်သည်ကြက်စာကျွေးရန်တံခါးဖွင့်‌သောအခါသူမ၏သားငယ်သည် အပြင်တံခါးဝ၌
သတိမေ့မျော့ နေ‌သည်ကိုတွေ့လိုက်ရတော့သည်။မိခင်သည် ရင်ခွင်သားကိုရင်ငွေ့နွေးသွင်း၍အကြိမ်ကြိမ်အခါခါပွေ့ဖက်နမ်းရှုပ်လျက်မျိုချလုမတတ်အချစ်ကြီးချစ်‌လေတော့သည်။
                          ★★★
ထိုနံနက်ခင်းသည်နေရောင်ခြည်ဖြာဆင်းလျက်၊နွေးထွေးသာယာလျက်ရှိသည်။အကြင်လင်မယားနှစ်ဦးတို့သည်‌နေရောင်နွေးနွေးရသည့် အိမ်ရှေ့ကွပ်ပျစ်တွင်ချစ်စလူး‌နှီးနှောလျက်ကြည်နူး‌နေကြသည်။
ဤဇနီးမောင်နှံကိုကြည့်၍ဆတ်စလူးအသည်းစူးနာကျင်ရသူမှာညီငယ်လူပျိုဖြစ်သည်။ ထိုသူနှစ်ဦးအားမိမိ၏အမဲလိုက်သေနတ်ဖြင့်ပစ်သတ်ရန်မိခင်ထံတောင်းဆိုသောအခါအသာတကြည်ပစ်မိန့်ရလိုက်သည်။ထိုအခါတောလိုက်မုဆိုး၏သွေးဆာနေသောသေနတ်ကျည်ဆံတစ်ထောင့်သည် သားကောင်နှစ်ကောင်ကိုချွင်းချက်မရှိထုတ်ချင်းဖေါက်ပစ်ခွင်းလိုက်တော့သည်။
                           ★★★
မိခင်၏မျက်စိ‌ရှေ့မှသားကြီးမရှိတော့သည်မှာကာလအင်တန်ကြာမြင့်လာပြီ။အဖြစ်အပျက်၏အစပိုင်းနှင့်မတူတော့ဘဲသားကြီး၏ပုံရိပ်တို့ကိုလွမ်းသလိုဆွေးသလိုဖြစ်လာသည်။ရင်ဘတ်ထဲမှတစ်စုံတခုပျောက်ဆုံးသွားသလိုခံစားလာ၏။ဟုတ်သည်။ဝမ်းကြားတိုက်၌ကိုးလလွယ်ထားရပြီးသုံးနှစ်သုံးမိုးရင်ခွင်ထက်၌ချောသိပ်ရသည့်အဦးဆုံးရင်နှစ်သား၊အချစ်ဦး သားတစ်ယောက်လုံးလုံး ဆုံးရှုံးထားခဲ့ရသည်ပင်။မရှိတော့သည့်သားကြီးဇောဖြင့်မိခင်သည်ရင်ခွင်ထက်ကသားငယ်အားဖြင့်မပြည့်စုံနိုင်။
အမှန်စင်စစ်သားငယ်အားသူမ၏အချစ်တို့ ပုံ‌အော‌ပေးသင့်‌သော်လည်းမ‌ပေးနိုင်။သူမ၏နှလုံးသားသည်နှစ်ခြမ်းမဟုတ်‌
တော့ပေ။တစ်ခြမ်းမျှသာရှိတော့၏။
ထို့နောက်မိခင်သည် တစ်ဦးတည်းကျန်ရစ်သည့်သားကိုအမုန်းကြီးမုန်းလာတော့သည်။ယခင်ကအချစ်ကြီးသလောက်ယခုအမျက်ကြီးလေတော့၏။
‌သားဖြစ်သူတောမုဆိုး၏အမဲလိုက်ပစ်သတ်ခဲ့သည့်အသားဟူသမျှကို မတို့မထိတော့ပေ။အကြိုက်ဆုံးအကောင်းဆုံး၊အရသာအရှိဆုံးဟုဆိုသည့် သားဆီဥ၊အမဲဆီဥတို့သည်လည်းအချည်းနှီး။သားနှင့်မိခင်၊မိခင်နှင့်သားအပြန်အလှန်စကားမပြောကြ။ထမင်းလက်ဆုံမစားကြ။
အရှေ့နှင့်အနောက်၊ မိုးနှင့်မြေသို့ဆန့်ကျင်ကြပြီ။
အမေဖြစ်သူကို ရှိလျက်နှင့်မပိုင်ရ၊မြင်လျက်နှင့်မကြင်ရသည့်သားသည်သူ့ဘဝကိုမြေမြုပ်ပစ်ရန်ဆုံးဖြတ်လိုက်ရတော့သည်။
                             ★★★
ထိုဒေသ၏တောတွင်းတစ်နေရာတွင် သက်ရှိသတ္တဝါဟူသမျှကို ဝါးမျိုသည့်ကျောက်တုံးတစ်တုံး (lungsong kamngaa)ရှိ၏။၎င်းအပေါ်ဖြတ်သန်းမိ၊သွားလာမိသည့် တိရိစ္ဆာန်တို့သည်ဖမ်းစားဝါးမျိုခြင်းခံကြရသည်။
သားလုလင်ကသူ၏အမိအား မိမိသည်အဆိုပါဧရာမကျောက်ဆိုး ပေါ်ရပ်ပြီးဝါးမျိုခြင်းကိုခံ‌တော့မည်ဟု အသိပေးလေသည်။သုံးကြိမ်သုံးခါတိုင်အသိပေးသော်လည်းမည့်သည့်တုံ့ပြန်မှုကိုမှမပြ လျစ်လျူရှူကျောခိုင်းထားဖြင့် သားငယ်သည် ထိုကျောက်‌တုံး‌
ပေါ်တွင် မိမိကိုယ်ကို စီရင်လိုက်တော့သည်။
                           ★★★
အဖြစ်ဆိုးတို့ဖြစ်ပျက်ခဲ့သည်မှာ အချိန်ကာလ
အားဖြင့်မကြာမမြင့်‌သေးပေ။ ယခုအခါ သားနှစ်ယောက်လုံးဆုံးရှုံးခဲ့ရသည့်မုဆိုးမ၏ရင်ဘတ်သည်ဗလာဟောင်းလောင်းကြီးဖြစ်ခဲ့ရပြီ။နှလုံးသားတစ်ခုလုံးပျောက်ဆုံးခဲ့ရပြီ။အရူးတပိုင်းမိန်းမရိုင်းဖြစ်ရပြီ။
သားကြီးကိုခေါ်သည်။သားငယ်ကိုခေါ်သည်။ခေါ်သံတို့၏နောက်ကွယ်တွင်တိတ်ဆိတ်ခြင်းသာရှိသည်။သူမငိုသည်။ရှိုက်ကြီးးတငင်ငိုသည်။ရင်ဘတ်တစ်ခုလုံးသိမ့်သိမ့်ခါငိုရှိုက်သည်။သူမ၏ရင်အုံတစ်ခုလုံးသည်နာကျင်ရပြီ ။
မိုးလင်းမိုးချုပ် ရူးခဲ့ရပြီ။ရူးချင်တိုင်းရူး၍မရသေး။ဘာမှမသိအောင်ရူးပစ်ချင်သော်လည်းအသိတရားကခွင့်မပြု၊အသွေးအသားတို့ကဖြစ်ခွင့်မပေး။
သူမသည်အသည်းအသန်ဆာလောင်လာသည်။ဖုတ်သစ္ဆေကဲ့သို့ဆာလောင်သည်။သူမ၏‌ရှေ့တွင်သားငယ်တောလိုက်မုဆိုး၏အသားခြောက်တို့သည်တောင်ပုံရာပုံ၊ပုတ်ကြီးတောင်ကြီးတို့၌အပြည့်
အသိပ်။‌
အသားတုံးကိုနှိုက်ယူကိုက်စားသည်။ကိုက်စားမရတော့သည့်သစ်သားတုံးဖြစ်နေသည်။နောက်တစ်တုံးနှိုက်ယူပြန်သည်။ကိုက်ဝါးကြည့်သည်။သစ်သားသစ်တုံးဖြစ်သည်။
ပုတ်ကြီး၊တောင်းကြီး၊ခြင်းကျားကြီးများအပြည့်ထိုးသိပ်ထားသည့်အသားခြောက်များသစ်သားတုံးများ၊သစ်ခေါက်များဖြစ်ကုန်ပြီ။မှောက်လှန်သွန်ချမွှေနောက်ရှာဖွေသော်လည်း သားတစ် တစ်ခုမျှပင်ရှာမရတော့ပေ။
အရူးမီးဝိုင်းမိန်းမသည်ဤတောင်ပုံသမျှရှိသော
သစ်သားအခြောက်ဖြစ်သွားကြသည့်အသားခြောက်များကို‌နေအိမ်မှထုတ်၍တရားခံ‌မှော်ကျောက်တုံးပေါ်
စုပုံမီးတင်ရှို့ပစ်လိုက်သောအခါ ကျောက်တုံးသည်
မီးကောင်ပေါက်ကွဲသကဲ့သို့အစိတ်စိတ်အမွှာမွှာပေါက်ကွဲလွင့်စင်သွားတော့သည်။
                     ★★★
ရက်အနည်းငယ်ကြာညောင်းသောအခါ ကျောက်တုံးကြီး ပေါက်ကွဲလွင့်စဉ်သည့်နေရာဝန်းကျင်တဝိုက်တွင်ဖြူဖွေးနေသော တောင်ပို့မှိုတို့ဖြင့်ပြည့်နှက်နေသည်။ထိုတောင်ပို့မှိုသည် ကျောက်ဆိုးကျောက်ဝိဇ္ဇာ ၊မှော်ကျောက်၊မျိုချခံလိုက်‌ရသည့်လူသား၏ဦးနှောက်မှဖြစ်လာသည်ဟုဆိုသည်။
ပုံပြင်ဤတွင်ပြီးသည်။ပုံပြင်ခေါင်းစဉ်က hum patha ca lak kasi ရယ်လို့ငယ်ငယ်ကမှတ်ထားရတယ်။ခုချိန်မှာပြန်ပြင်ရင်သင့်တော်မယ်ထင်လို့ပါ။ဒါနဲ့အောက်ကနှစ်ကို စဉ်းစားကြည့်ပါ။

★ပုံပြင်‌ခေါင်းစဉ်ပြန်စဉ်းစားရေးပေးပါ။

★ပုံပြင်ကပေးတဲ့ messages ကဘာတွလဲ။




အကူ/AI


Comments