KHONGSO CHIN POEM
ခေါင်စိုမည်ချင်း
သက်ဆင်းကျောက်ဂူ၊မျိုးလူအစု
ဆိုပြုဘိုဘွား၊ငါတို့ကြား၏
မှတ်သားလေရန်သမိုင်းဖြစ်။
ချင်းတို့တောင်တန်း၊
တောစခန်းတွင်၊စိမ့်စမ်းရေသောက်
မျိုးစေ့ဖောက်ခါ၊တစ်ထောက်ခိုနန်း
ဖွေဆန်းမည်ရ၊ လတ်ပရိန်းဟီး
ကဒီးလှာဥ၊ချောင်းစုအဝန်း
ဆွေခန်းမျိုးခန်း၊အင်အားလျှမ်း၍
အေးချမ်းကွန်းခိုဘဝတည်။
ဤတွင်ကျန်ရစ် ၊ညီရင်းအစ်ကို
ခေါင်စိုမျိုးနွယ်၊သမိုင်းဖွေရှာ
မကြာယနေ့၊ငါတို့တွေ့။
ရာစုမည်မျှ ၊တွက်ဆခက်သည်
အေဒီကာလ၊မှန်းကြဆယ့်ခွန်
မလွန်ဆယ့်ရှစ်၊ယခုဖြစ်တည်
ငါတို့မြေသို့၊ ခြေစုံတူနင်း
ဆင်းခဲ့ကြသည်ဘိုးဘွားတို့။
တောင်အကြော
ချောင်းမျှော့မျိုးနွယ်၊နှစ်သွယ်ဖြာဆင်း
ခေါင်စိုချင်းတို့၊လမ်းထွင်းသောခါ
ခေါင်စာဟုဆို၊မိမိကိုယ်ကို
ခေါင်စိုဤမှအမှုပြု။
ခေါင်စာခေါင်စို ၊စကားဆိုဟန်
အဆန်တောင်မြင့်၊စကားဖြစ်။
ခေါင်မီးခေါင်စို၊စကားဆိုဟန်
အသံပုံကူးအနူးဖြစ်။
သမိုင်းခြေရာ ၊မထင်သာသို့
စာပြုကဝိ၊ပညာရှိတို့
မညှိမညှာ ဥပေက္ခာပြု
လျစ်လျူရှူ၍ ထားလေပြီ။
နှစ်ခုမျိုးကွဲ၊အလွဲသမိုင်း
အရိုင်းငါတို့ထင်ခဲ့ပြီ။
တစ်အုံထုံဆင်း ၊မွေးချင်းညီကို
မလိုမုန်းထားဇော်ကားပြီ။
တစ်ဘိုးတည်းဘွား ၊မိသားစုလျှင်
အသွင်ခြားနားစိမ်းကားပြီ။
ငါတို့ပင်ကို၊စရိုက်ထိုမှ
စာဆိုအသိ၊ဆင်ခြင်ဘိ၍
အရှိဖြစ်မှန်၊နောက်ခံကောက်ကြောင်း
ဘဝဟောင်းကိုကောင်းမြင်စို့။။
(ယခု ဖြစ်တည်ငါတို့မြေ ဆိုသည်မှာ ယနေ့နေထိုင်ရာဖြစ်သည့် ပလက်ဝမြို့နယ်၊ကီမိုတောင်ပတ်ဝန်းကျင်မီးချောင်းနှင့် မထူပီမြို့နယ်လွီဗန်၊ဘွေရိန်းရွာနေရာများကိုဆိုလိုသည်။)


Comments
Post a Comment
Academic and respectful comments only. Inappropriate content will be removed.